Tuesday 20 March 2012

မေမေ ပြောတဲ့ အမောပြေ

ဆယ်တန်းကျောင်းသားဘဝ အမောင်တစ်ယောက် မြို့မှာနေ၍ ကျောင်းတက်နေပါသည်။
တကယ်တော့ အမောင်ဟာ တောသားလေးတစ်ယောက်ပါ ဖေဖေ မကွယ်လွန်ကတည်း မိဘတွေ ရင်ကို ခြေစုံကန်ပြီး အိမ်ထောင်ပြုသွားတဲ့ ဖေဖေ အစား အမောင့်ကို သားအဖြစ်မွေးစားခဲ့တဲ့ အဖွားဖြစ်သူက အမောင့်ရဲ့ ပညာရေးအတွက် မြို့မှာနေဖို့ စီစဉ်းထားခြင်းဖြစ်ပါသည်။ ဒီလိုနဲ့ ကျောင်းတက်နေရင်းက စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်မှာ မေမေနဲ့ ရွာကိုလွမ်းလို့
အလွမ်းပြေ ရွာတစ်ခေါက်အလည်သွားခဲ့ပါတယ် ရွာသို့ပြန်ရောက်ရောက်ချင်းဘဲ အိမ်သို့ အလည်ပြန်လာတဲ့သားကြီးကို
လွမ်းဆွတ်နေရှာတဲ့ မေမေက

" သား မေမေကိုလွမ်းလို့ပြန်လာတယ်ပေါ့ မြို့ပေါ်မှာအဖွားနဲ့ နေရတာ အဆင်ပြေရဲ့လား "

" ဟုတ် မေမေ အဆင်ပြေပါတယ် ဖွားက သားဆိုအရမ်းဂရုစိုက်တာ
"

"ကျောင်းမှာ စာတွေရော လိုက်နိုင်ရဲ့လား "

"ဟုတ်လိုက်နိုင်ပါတယ် စာဆိုတာ စာအုပ်ထဲမှာဘဲ ရှိတာလေ မေမေရဲ့ သားက ဘာလို့ မလိုက်နိုင်ရမှာလည်း
လိုက်နိုင်တာပေါ့
"

"ငါ့သားကတော့လေ သားဖေဖေ ငယ်ငယ်က အတိုင်းပဲ ပြောလိုက်တဲ့ စကား ဟို....ကောင်းကင်ပေါ်က မဆင်းဘူး
ဖအေ့ ခြေရာကိုလိုက်နင်းနေတယ်
"

"မေမေရယ် သားအတွက် ဂုဏ်ယူလိုက်စမ်းပါ ကောင်းကင်ဆိုတာ လူတွေ နေလို့ မရတဲ့ နေရာ တစ်ခုလေ
အဲဒီလိုနေရာမျိုးကို သားပြောတဲ့စကားက ရောက်သွားတယ်ဆိုတော့ ဂုဏ်ယူစရာတောင် ကောင်းသေး
"

အမောင့်အတွေးပေါ့ တစ်ချို့လူတွေ ပြောပြောနေကြတယ်လေအထက်တန်းစားလို့ ခေါ်တဲ့ လူတွေပေါ့
ဘာတဲ့
"လူနေတော့ ချုံခြား စိတ်နေတော့ ဘုံဖျားတဲ့ " ဟုတ်တာပေါ့ အဲဒီစကားက သေချာပြန်တွေးကြည့်မယ်ဆိုရင်
အနှစ်ရှိတယ်လို့ အမောင်ထင်တယ်လေ လူကသာနေတော့ ချုံခြားမှာပါ ဒါပေမဲ့ စိတ်ဓာတ်ကတော့ ဟို...ဘုံဖျားမှာလေ
လူတိုင်းတွေးဖူးမယ်မထင်ပါဘူး အမောင်တော့ သဘောကျတယ် တွေးမိတာပါ။

"ဟဲ့ကောင်လေး ဘာတွေ တွေးနေတာလည်း အဝတ်အစားလည်း တအောင့်နားပြီးတော့ ရေမိုးချိုး....ပြီးရင် မိသာစုတွေ ထမင်းလက်စုံ
စားကြမယ်
"

"ဟုတ်ကဲ့ မေမေ "

ညနေခင်းရဲ့ဆည်းဆာအချိန်လေးမှာ လေပြေလေညင်းလေးတွေ တိုက်ခက်တဲ့ အရသာရယ် သဘာဝတောရေစစ်စစ်ရဲ့ အရသာရယ်က တစ်နေကုန်ပင်ပန်းနွမ်းလျာတဲ့ စိတ်ကို ကြည်လင်စေတယ်လေ အမောင် ရေချိုးလို့ အပြီး အဖွားနဲ့ အတူရွာမှာနေခဲ့တုန်းကအိမ်နဲ့ခြံဘက်ရှိရာကို ထွက်ခဲ့ပါတယ် မဝေးပါဘူး မေမေအိမ်နဲ့ အဖွားအိမ်ဆိုတာ တောင်ဘက်နဲ့မြှောက်ဘက်ပါ
အကြောင်းကတော့ ဘကြီးကွယ်လွန်သွားပြီး အဖွားနဲ့ အမောင် မြို့ကိုပြောင်းသွားကတည်းက လူတစ်ယောက်မှ မနေတဲ့ အိမ်နဲ့ ခြံရဲ့ အနေအထားလေးရယ် ခြံထဲမှာ ရှိတဲ့ မာလကာသီးပင် တွေရယ်ကို ကြည့်ချင်လို့ပါ။ မာလကာသီးတွေ သီးနေလိုက်တာအများကြီးဘဲ စားချင်စိတ်ရှိတာနဲ့ တစ်လုံးခူးစားပြီး....မေမေအိမ်ဘက်သို့ ပြန်လာခဲ့ပါတယ်။
အိမ်ဘက်ကို ပြန်ရောက်တော့ မေမေက

" သားရေ...ထမင်းစားမယ် သားပြန်လာမယ်ဆိုလို့ မေမေလေ သားကြိုက်တဲ့ ကြက်ပျိုမသားဟင်းရယ် မစာဥဟင်းရယ် ကိုဖိုးစုံထောင်းလေးရယ် မေမေလုပ်ထားတဲ့ သားရဲ့ အားရပါးရ စားနော်သား "

"ဟုတ် မေမေ "

အမောင်ကြိုက်တဲ့ ဟင်းတွေကြည့်ချက်ထားတာဆိုတော့ အမောင်လည်းဝမ်းသာ အားရနဲ့ စားတော့တာပေါ့ အော်ဒါနဲ့ ရှင်းပြရအုံးမယ်(ကြက်ပျိုမသား ဆိုတာ အမောင်ငယ်ငယ်ကပေါ့ ဦးကြီးတစ်ယောက်က အိမ်ကို အလည်လာပါတယ် ဦးကြီးဘာဟင်းနဲ့ စားချင်လည်းလို့ အမောင် ကမေးတော့ ဦးကြီးက ကြက်ပျိုမသား ဆို အရမ်းကြိုက်တာ ငါ့တူရဲ့လို့ဖြေပါတယ် တကယ်လည်း အိမ်က ချက်ကျွေးတာ ကြက်သားပါ အမောင်ကတော့ အဲဒီ အချိန်ကတည်းက ကြက်သားကိုကြက်ပျိုမ သားလို့ဘဲ ခေါ်ပါတယ် ၊ မစာဥ ဟင်းဆိုတာကတော့ ချဉ်ပေါင်ဟင်းပါ တောသူမလေး မစာဥကိုတော့ လူတိုင်းနည်းပါးသိကြပါလိမ့်မယ် သူက ချဉ်ပေါင်းဟင်း သိပ်ကြိုက်တာလေ၊ ကိုဖိုးစုံ ဆိုတာကတော့ ငရုတ်သီးထောင်းကို ပြောတာပါ။
စားကောင်းချက်ကတော့


"
မေမေ ထမင်းထပ်ထည့်ပေးပါဦး "

မေမေက ဝမ်းသာ အားရနဲ့
"ဟယ်...သား ကိုယ့်ဗိုက်ကိုလည်း ပြန်ကြည့်ပါဦးဆန့်သေးလားလို့ " ပြုံးရွှင်စွာဖြင့် ပြောပါတယ်
အမောင်လည်း ဘာဖြစ်လို့ပါလိမ့်လို့ ကိုယ့်ဗိုက်ကိုပြန်ကြည့်မိလိုက်တော့..ခ်ခ်ခ် လှူတာအကုန်စားတဲ့ စူစကာပုဏ္ဏားကြီးရဲ့ ဗိုက်နဲ့မခြား
ဝကယ်နေတာမြင်မှ အဟိ ရှက်လိုက်တာ...စားကောင်းကောင်းနဲ့ စားနေလိုက်တာ ဘယ်အချိန်ပြည့်သွားမှန်းတောင် မသိလိုက်ဘူး
မြို့မှာ စားရတဲ့ အစားသောက်နဲ့ တောမှာ စားရတဲ့ အစားအသောက်က မတူပါဘူး တောမှာချက်တဲ့ ဟင်းသီးဟင်းရွက်၊ အသား အားလုံးလတ်ဆတ်တယ်လေ ဒါနဲ့ဆက်စားလို့ မဖြစ်တော့မှန်း ခုမှ ရိတ်မိသလိုရှိသွားတော့တယ်
ထမင်းစားလို့အပြီးရွာမှန်ကျန်ရှိနေခဲ့တဲ့ သူငယ်ချင်းတွေနဲ့ အလွမ်းပြေ လေဖော သွားဖို့ အပြင် အိမ်အပေါ်ထပ်ဇရံတာမှာ ဘုရားသောက်တော်ရေ လှဲလှယ်နေတဲ့ မေမေက

"သား ဘယ်သွားမလို့လည်း ရွာကိုရောက်တုန်းရောက်ခိုက် ခဏလေး အိမ်မကပ်နိုင်ဘူး..ကဲသွားသွား "

"ဟုတ်ကဲ့ မေမေပြောသလိုဘဲ ရွာကိုရောက်တုန်းရောက်ခိုက် သူငယ်ချင်းတွေနဲ့ သွားတွေ့မလို့ပါ စောစောပြန်လာခဲ့မယ် "

တကယ်မကြာပါဘူး ရွာကိုရောက်တုန်း သူငယ်ချင်းတွေနဲ့ လေဖောပြီးအိမ်ပြန်အလာ အိမ်ရောက်တော့ ညီမလေး နှစ်ယောက်လုံး အိပ်ပျော်နေကြပါပြီ မအိပ်သေးတဲ့ သူတစ်ယောက်တော့ ရှိသေးတယ် မေမေပေါ့ ဧည့်ခန်းမှာ စိပ်ပုတီးလေး လက်မှာကိုင်ပြီး အမောင် ပြန်အလာကို ထိုင်စောင့်နေတယ်လေ

" သား ပြန်လာပြီး ပြောသွားတော့ မကြာပါဘူးတဲ့ သားညီမလေးတွေတောင် စာကျက်ပြီးလို့ အိပ်ကုန်ပြီ "

"ဟုတ်တယ် မေမေ စကားကောင်းနေတာနဲ့ .... "

မေမေ သားကို ပြောစရာရှိလို့ စောင့်နေတာ ဒီခဏ လာပါအုံး သားကိုမေးစရာရှိလို့
"

"ဟုတ်ကဲ့ "

"သားကျောင်းမှာ ရည်းစားတွေ ဘာတွေ ရနေပြီလား မေမေ့ကိုမှန်မှန်ပြောနော် "

"မေမေရယ် သားက အဲလောက်ထိ မမိုက်ပါဘူး သားကိုစာအုပ်တစ်အုပ်မှာ
ဖတ်ဖူးတဲ့ ဆုံးမစားလေးကိုအလွတ်ကျက်ထားပါတယ်မေမေရဲ့
"

"ဆိုစမ်းပါအုံးသားရဲ့ မေမေလည်း နားထောင်ရတာပေါ့ "

ပညာသင်ခိုက် "မ "ဘက် မလိုက်နဲ့
"မ "ဘက်လိုက်တော့ မိုက်ဘက်ပါသည်
မိုက်မှောင်ဖုံး၍ သင်ဥာဏ်တုံး၏
တဲ့ မေမေရဲ့

"ဟုတ်ပါပြီသားရယ် သားတို့ ဒီအရွယ်တွေဆိုတာ စိတ်ကစားတတ်တဲ့ အရွယ်ဆိုတော့ မမှားသင့်တာ မမှားအောင်
မေမေက ပြောတာပါ
သားအသက်က ငယ်သေးတယ်လေ သားအသက်၂၂ ပြည့်ပြီးရင် သားကြိုက်တဲ့ မိန်းကလေးကိုခေါ်လာခဲ့ မေမေသဘောတူတယ် မေမေ့ အတွက်လည်း အမောပြေ လိုပြီးလေ အဲဒီ အချိန်ရောက်ရင်"

"ဟင် မေမေကလည်း သားမိန်းမ ယူတာနဲ့ မေမေ အမောပြေတာနဲ့ ဘာဆိုင်လို့လည်း"

"ဆိုင်တာပေါ့သားရယ် မိဘတွေကမတော်ချင်ဘဲ တော်ရတော့မဲ့ ချွေးမတွေအတွက် ရင်မောရတာဘဲလေ ပြေဆိုတဲ့ အဓိပ္ပာယ်လေးက မြေးလေးရလာတဲ့ အခါ ရင်မောတာတွေ ပြေသွားကြတာမျိုးပေါ့ ကဲကဲညဥ့်နက်နေပြီ သားလည်း အိပ်တော့မနက် အစောကြီး ပြန်ရမယ်မို့လား"

"ဟုတ်ကဲ့မေမေ"

ဟုတ်ကဲ့ မေမေလို့သာ ပြန်ပြောလိုက်ရတယ် မေမေပြောတာကို အမောင် သဘောမပေါက်ဖြစ်နေတုန်းပါ ဒီလိုနဲ့ အိပ်ယာထဲရောက်မှ ပြန်တွေးကြည့်မိခဲ့ပါတယ် နောက်ဆုံးတော့ သဘောပေါက်လာပါတယ် မေမေပြောတဲ့ အပြောဆိုတာကိုပေါ့
ဇာတ်လမ်းတွေ ရုပ်ရှင်တွေ ထဲမှာရော အပြင်မှာလည်း တကယ်ရှိပါတယ် သားမွေးထားတဲ့ မိခင်တွေဟာ အရွယ်မရောက်သေးတဲ့ သားတစ်ယောက် မိန်းမယူသွားတဲ့အခါ သဘောမတူလို့ အမွေပြတ်ငြေညာတာတို့ ငါ့သားလေးကို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်သည် ဖြစ်အောင်မြူစွယ်တဲ့ မိန်းကလေးကိုစိတ်ဆိုးဒေါသထွက်ကြပါတယ် ဒီမိန်းမနဲ့ဆက်ပေါင်းနေရင် အိမ်ရိပ်တောင်မနင်းနဲ့တို့ ဘာတို့ပေါ့ စုံနေတာပါဘဲ ပြောကြတာ..သားကိုချစ်တော့ မတော်ချင်တဲ့ချွေးမ အတွက် မောရတာလေ
ဒါပေမဲ့ မကြာပါဘူး ကြာရင်၂ နှစ်ပေါ့ မကြာ ၁ နှစ်ပါ။ ၁နှစ်က တော့ ကြာမှဖြစ်မယ်လေ အကြောင်းက သားသမီးရဖို့ဆိုတာ ၁ နှစ်တော့ စောင့်ရတယ်မဟုတ်လား။ သားသမီးလေးရလာတဲ့အချိန် မေမေ အမောပြေပြီလေ သားက မွေးတဲ့ မြေးဆိုတဲ့ အသံကြားလိုက်
တာနဲ့ အစက မောခဲ့ရတဲ့ ချွေးမတွေ အတွက် ပြေသွားပြီလေ စကားပုံလေးတစ်ခုရှိပါတယ်
"သားအချစ် မြေးအနှစ်" တဲ့
အမောင်တွေးတာလည်း အတော်ကြာသွားပြီးစဉ်းစားလို့လည်းရသွားပြီးဆိုတော့ နံနက် မြို့ကို ကျောင်းအမှီပြန်ရမယ်ဆိုတော့ အိပ်ယာဝင်လိုက်ပါတယ် ။
နံနက် ၅ နာရီခွဲလောက်မှာ အမောင် အိပ်ယာက နိုးပါတယ် ကိုယ့်ဘာသာနိုးတာ မဟုတ်ပါဘူး မေမေလာနှိုးလို့ နိုးတာပါ..ခ်ခ်ခ် မျက်နှာသစ် သွားတိုက်ပြီး ဘုရားရှိခိုး မေမေ့ကို ကန်တော့ပြီး မြို့ကိုပြန်ဖို့အတွက် ပြင်ပါတယ် မြို့နဲ့ ရွာက သိပ်မဝေးလှပါဘူး ၂ မိုင်သာသာလောက်ပါဘဲ ဆိုင်ကယ်နဲ့ဆိုတော့မြန်ပါတယ်။ အိမ်က ထွက်ခါနီး မေမေ့ကို ကပ်ပြီး

" မေမေ သားကို မုန့်ဖိုးပေးအုံးလေ"

အဲဒီတော့မှတမင် မေ့ချင်ယောင်ဆောင်နေတဲ့ မေမေက

"အော်အေးအေး သား မေမေ မေ့တော့မလို့" ဆိုပြီး အမောင့်ရဲ့ ကျော်ပိုးအိပ်ထဲကို ငွေ ၅၀၀၀၀ ထည့်ပေးပါတယ်
မုန့်ဖိုးပေးတဲ့ မေမေ
ဘာပြန်လိုချင်လည်း ဆို အမောင် သိပါတယ် မေမေ လိုချင်တာကို အမောင်လည်းပေးခဲ့ပါတယ်

"အဲဒါကြောင့် မေမေ့ကို သားက အရမ်းချစ်တာ အာဘွားးး"

မေမေပြုံးနေပါတယ် မျက်နှာမှာလည်း မျက်ရည်စတွေနဲ့ပေါ့တစ်လတစ်ခေါက်တောင် ရွာကို ပြန်မလာတတ်တဲ့ သားအတွက် ဘယ်အချိန် ပြန်လာလိမ့်မလည်းဆိုတဲ့ အတွေးတွေလည်း မေမေ့တွေးနေလိမ့်မယ်လို့ အမောင်ထင်ပါတယ် မေမေရယ် သားမုန့်ဖိုးကုန်ရင်တော့ ပြန်လာအုံးမှာပါလို့ စိတ်ထဲမှာ ပြောနေမိတယ် သိလား....
အချိန်က သိပ်မရှိတော့ ၆ နာရီတောင်ထိုးနေပါပြီ အမောင် ဆိုင်ကယ်ကို စက်အနှိုးမှာ မေမေလှမ်းမှာတဲ့ စကားကြောင့် ပြုံးမိပါတယ်

" သားရေ......မေမေ့ အတွက် အမောပြေ မလိုသေးဘူးနော်"


ယ္ခုဆိုရင် အမောင့် အသက် ၂၃ နှစ်ထဲ ဝင်နေပါပြီ မေမေလည်း အမောပြေ လိုနေမယ်လို့ ထင်ပါတယ်..ဒါပေမဲ့ ခက်တာက အမောင့်မှာ
မေမေလိုချင်တဲ့အမောပြေလေးရဖို့ ဘယ်လိုရှာရမလည်းနော်.........



အားလုံးကို ခင်မင်လျက်

အမောင်

0 comments:

Post a Comment