Monday 9 April 2012

မလေးရှားမှ မဟာနန်း (ရွှေစည်သာ) မြန်မာ့ရိုးရာ မဟာသင်္ကြန် အစီအစဉ်



မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူ မဟာနန်း အဆင့်မြင့် စားသောက်ဆိုင်မှ ကြီးမှူးကျင်းပသော ရွှေစည်သာ မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကြီးကို ၁၂.၄.၂၀၁၂ -သင်္ကြန်အကြိုနေ့ ( ကြာသပတေးနေ့ ) တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

မလေးရှားရောက် မြန်မာများအတွက် ရည်ရွှယ်ပြီး နှစ်စဉ်ကျင်းပ ပြုလုပ်ပေးလျှက်ရှိသော ရွှေစည်သာ မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်များနဲ့ မတူ ယခုနှစ်တွင် ထူးခြားစွာ ပြုလုပ်ပေးမည် ဖြစ်ပါသည်။



မဟာနန်းက ဒီသင်္ကြန်ပွဲတော်ကို ကျင်းပခဲ့တာက ၄ နှစ်လောက် ရှိနေပါပြီ။ ဒါပေမဲ့ သင်္ကြန်ပွဲတော်ဆိုတာ သိတဲ့အတိုင်း ကျင်းပရတယ် ဆိုတာက ပရိတ်သတ်တွေများတယ် ပျော်ကြတာ နောက်ပြီး သူတို့အတွက် ရေပက်မဏ္ဍပ်တွေ လုပ်ပေးရတယ်။ ခါတိုင်းနှစ်တွေလည်း ဒီလိုပဲ လုပ်ပေးရတယ်။ အခုလို မလေးရှားမှာဆိုတော့ မြန်မာတွေအားလုံး မြန်မာနှစ်သစ်ကူးလေးမှာ အတူတူ ပျော်ရွှင်နိုင်ဖို့ လုပ်ပေးတယ် ဆိုတော့ စီးပွားရေးဆန်လို့လည်း မရဘူးလေ အလှူဒါန တစ်ခုခုလို ပုံစံမျိုးနဲ့ လုပ်ပေးတာပါ။

ပြည်ပရောက်နေတဲ့ မြန်မာတွေအားလုံးအတွက် မြန်မာပြည်ကို ပြန်ရောက်နေတဲ့ သင်္ကြန်ပုံစံလိုပေါ့။ အစ်မတို့က နှစ်စဉ်နှစ်တိုင်း ကိုယ်ရဲ့ မြန်မာ့ရိုးရာဓလေ့ အတွက် ကြိုးစားပြီး လုပ်ပေးခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့တဲ့ အခါမှာ ဘာတွေကြုံတွေ့ခဲ့ရလဲ ဆိုတော့ လူတွေလည်း တအားများတယ် ။ ပြီးတော့ မြန်မာတွေ အနေနဲ့ မလေးရှားမှာ အလုပ်လုပ်ပြီးတော့ စိတ်ပင်ပန်းနေတဲ့ မြန်မာတွေ အနေနဲ့ ဒီလိုနှစ်သစ်ကူး သင်္ကြန်ပွဲတော်လေးမှာ မြန်မာပြည် အလွမ်းပြေ ပျော်ရွှင်နိုင်ဖို့ လုပ်ပေးဖြစ်တာပါ။



စလုပ်ခဲ့တဲ့နှစ်တွေက စပြီးလူတွေတအားများတယ် လာရောက်အားပေး ပျော်ကြတာပေါ့။ မြန်မာတွေ သာမက ဒီမလေးရှား နိုင်ငံသားတွေပါ။ အစ်မတို့ရဲ့ ရွှေစည်သာ သင်္ကြန်လေးမှာ လာရောက် ဆင်နွဲလာတာ တွေ့ရတယ်။ ရေပက်ခံ ကားတွေနဲ့ လာရောက် ရေပက်ခံတာတွေ ရှိတယ်။ လူမျိုးမျိုးပါပဲ လာရောက်ကြတာကတော့ ပြီးတော့ ဒီရွှေစည်သာ သင်္ကြန်လေးကို ဒီမလေးရှားမှာ ထုပ်တဲ့ သတင်းစာဂျာနယ်တွေမှာလည်း ထည့်ဝင် ဖော်ပြလာတာ တွေ့ရပါတယ်။ မလေးရှားမှာ သင်္ကြန်ပွဲလုပ်တာက သူ့နေရာနဲ့သူ ရှိပါတယ် အများကြီးပေါ့။ အစ်မတို့ကလည်း ကိုယ့်နေရာ လေးမှာ ဒီဖက်နယ်လေးမှာ နီးစမ်တဲ့ မြန်မာတွေ အားလုံးပေါ့ လာရောက် ဆင်နွဲနိုင်ဖို့ ဒီလိုပွဲလေးကို လုပ်ဆောင် စီစဉ်ပေးဖြစ်တာပါ။

ပြီးခဲ့တဲ့ နှစ်မှာကြတော့ ကိုယ့်ဆီမှာရှိတဲ့ ဝါသနာရှင်တွေပဲ ဆိုကြတယ် ကကြတယ်ပေါ့။ ပျော်ကြတာပဲ ပျော်တာချင်းတော့ အတူတူပါပဲ။ ဒီနှစ်ကြတော့ ယခင်နှစ်များနဲ့ မတူတာက အဆိုတော်နဲ့ အတူတူပျော်နိုင်အောင်ပေါ့။ မြန်မာပြည်က နာမည်ကြီး အဆိုတော်တွေကို ခေါ်ပြီးတော့ ဖြေဖျော်ရေး တကယ့်မြန်မာပြည်ရဲ့ ရေပက်မဏ္ဍပ်ပုံစံလို အဖက်ဖက်က လုပ်ပေးနိုင်ဖို့ စီစဉ်ပေးထားပါတယ်။



မလေးရှားရောက် မြန်မာတွေအားလုံးက သင်္ကြန်ဆိုရင် မြန်မာနှစ်သစ်ကူးဆိုတော့လေ လူတိုင်းကတော့ ရင်ခုန်ကြမှာ ပျော်ချင်မှာပဲ။ လာနိုင်တဲ့ လူနဲ့ မလာနိုင်တဲ့ လူပဲကွာမှာလေ။ လာတဲ့သူတွေ လာကြသလို မလာကြလူတွေလည်း မလာနိုင်ကြတာတော့ ရှိမှာပေါ့။ မြန်မာတွေ အားလုံးက သင်္ကြန်ဆိုရင်တော့ သင်္ကြန်ခံစားချက် ဆိုတာတော့ ရှိကြမှာပဲ။

အစ်မတို့အနေနဲ့က သင်္ကြန်ပွဲတော်ဆိုတော့ အစ်မတို့ပွဲတော်မှ မဟုတ်ပါဘူး။ ဘယ်ပွဲတော်မှာပဲ ဆင်နွှဲဆင်နွှဲ ပျော်ရွှင်စေမှာပါ။ ရွှေစည်သာ သင်္ကြန်ပွဲတော်နဲ့ ပက်သက်ပြီး အစ်မတို့ စီစဉ်ထားတာက ဆရာတော်ဘုရားကြီးမှ ပရိတ်တရားတော် ရွှတ်ဖတ်သရဇ္ဇယ်ခြင်း ၊ နောက်ပြီးတော့ စတုဒီယာများကို တစ်နေကုန် ဖရီးကျွေးတယ်။ တစ်နေကုန်လုံးကို အစားအသောက်တွေ ဝယ်မစားရအောင် ဖရီးကျွေးမယ့် အဖွဲ့တွေရှိတယ်။ တစ်နေကုန် ရေပက်မဏ္ဍပ်အောက်မှာ ပျော်ရွှင်ကြည်နူးရမယ်။

ဒီနှစ်ဆိုရင် ပိုစုံမယ်။ Dancer တွေရော အကအလှတွေရော ပြီးတော့ ကိုမျိုးကျော့မြိုင်တို့ ဦးဆောင်တဲ့ မြန်မာပြည်က နာမည်ကြီး အဆိုတော်တွေ ပါမယ်။ ထွန်းထွန်း (Examplez) သားစိုး ၊ ငယ်ငယ် ၊ BOBBY SOXER နဲ့ Dancer အဖွဲ့မှာဆိုရင် URANIUM,K MIKO & FRIENDS,LIFE & DANCE,TWIN BROTHER စတဲ့အဖွဲ့တွေ ပါဝင်မှာ ဖြစ်ပါတယ်။ ထူးထူးခြားလေး ဖြစ်အောင်လို့ အစ်မတို့က ခေတ်ပေါ်ကြီး သက်သက် မဟုတ်ပဲ မဏ္ဍပ်အဖွင့်မှာ မြန်မာ့ကျက်သရေနဲ့အညီ မြန်မာ သံစဉ်လေးတွေ ကိုလည်း ထည့်သွင်း စီစဉ်ပေးထားပါတယ်။ ပြီးတော့ မြန်မာ့အက အလှ၊ယိမ်း စတာတွေကို အကုန်ထည့် ပေးထားတယ်။



မလေးရှားရောက် မြန်မာများအတွက် မြန်မာပြည်ရဲ့ နှစ်သစ်ကူးပုံရိပ်အတိုင်း ထပ်တူဖြစ်အောင် လုပ်ဆောင် ပေးထားတယ် ဆိုတော့ အားလုံးကို လာရောက်ဆင်နွဲကြဖို့ ဖိတ်ခေါ်ပါတယ်။ အားသောအားဖြင့် မြန်မာတွေက လာကြပါတယ်။ အစ်မတို့ သင်္ကြန်ပွဲပြုပ်လုပ်တဲ့ နေရာက စကင်းချန်းမှာဆိုတော့ ကေအယ်ကနေ တစ်နာရီနဲ့ ၄၅ မီနစ်လောက် သွားရပါတယ်။ လူတွေတော့ များတယ်။

နိုင်ငံသားတွေက မြန်မာတွေနဲ့ အတူတူပျော်ကြတာတော့ နှစ်တိုင်းပါပဲ။ သွားရေးလာရေး တွေလည်း အစ်မတို့ မဟာနန်းဆိုင်ရှေ့မှာ စီစဉ်ပေးထားပါတယ်။ တစ်ချားနေရာမှာ ရှိတဲ့မြန်မာတွေ အားလုံးလည်း ကိုယ်နီးစမ်ရာ ပေါ့ အဆိုတော်နဲ့ အတူတူ လာရောက် ဆင်နွဲနိုင်ပါတယ်လို့ မဟာနန်းစားသောက်ဆိုင် မဆုစန္ဒီဦးမှ ပြောပြပါတယ်။



မလေးရောက် ရွှေမြန်မာများအားလုံး မြန်မာပြည်အလွမ်းပြေ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော် လေးမှာ အတူတူ သွားရောက် ဆင်နွဲနိုင်ပါတယ်။ ၁၂.၄.၂၀၁၂ -သင်္ကြန်အကြိုနေ့ ( ကြာသပတေးနေ့ ) နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ တစ်နေ့တာ ခရီးစဉ်ဖြစ်ပါသည်။ လက်မှတ်ဈေးနှုန်းမှာ အသွားအပြန်ကားခ မလေးရှားရင်းဂစ် ၂၅ ကျပ်သာဖြစ်ပြီး လိုက်ပါမည့်သူများ အနေဖြင့် ကေအယ် မဟာနန်းစားသောက်ဆိုင်မှ 019,3778 934 ၊ 016,3378 943 ၊ 010,533 7777 ၊ 03,2026 028 သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါကြောင်း သိရှိရပါသည်။




Malaysia News Information & Online Radio Media, Blogger

0 comments:

Post a Comment