မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်တစ်ခုမှ ရေခဲသေတ္တာ အတွင်းရှိ
ရေခဲတုံးတွင် ကျိုက်ထီးရိုး ဘုရားပုံစံတူ ထွက်ပေါ် လာခြင်းကြောင့် ဘုရားဖူး
ပြည်သူများဖြင့် စည်ကားလျက် ရှိကြောင်း
သိရသည်။ မင်းကြီးရန်နောင်လမ်းအနီး ၆၁ လမ်း စံပြ(င)ရပ်ကွက်နေ
ဦးတိုးမြင့်နှင့် ဒေါ်မြဝင်း (တိုးတက်လျှံ အုတ်၊ ထုံး၊ သဲ၊
ကျောက်ရောင်းဝယ်ရေး)တို့ နေအိမ်တွင် ဇန်နဝါရီ ၇ ရက် ညနေ ၄ နာရီခန့်က အဆိုပါ
ဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ “ကျွန်မက အိမ်ရှင်ရဲ့ သမီးပါ။ အဲဒီနေ့က
အပြင်က ပြန်လာလို့ မောမောနဲ့ ရေသောက်မလို့ ရေခဲသေတ္တာထဲက ရေတကောင်းကို
မလိုက်တာ အောက်ပိုင်း ကွဲအက်နေတာ မြင်ရလို့ မိဘတွေ မသိအောင် ရေတကောင်းကို
လွှင့်ပစ်ဖို့လုပ်တော့ အဒေါ်က ရေခဲတုံး ချန်ထားလိုက်ပါလို့ လှမ်းပြောလို့
ပန်းကန်ပေါ်ကို ရေခဲတုံးကို သွန်ချတာမှာ အခုလို ရေခဲတုံးထဲက ဆံတော်ရှင်
ကျိုက်ထီးရိုး စေတီတော်ပုံစံနဲ့ အရမ်းတူတဲ့ ပုံစံ ထွက်လာတာပဲ” ဟု
မဌေးဌေးသန့်က ရန်ကုန်တိုင်းမ် ဂျာနယ်သို့ ပြောသည်။ “ကျွန်တော်တို့ လင်မယားက
အလုပ်ကိစ္စနဲ့ အပြင်ရောက်နေတာ အိမ်က သမီးက ဖုန်းဆက်ခေါ်လို့ အခုလို
ကျိုက်ထီးရိုးပုံစံ တူစေတီကို ဖူးမြော်ခွင့်ရတာပဲ။ ဒါနဲ့ပဲ
အိမ်နီးနားချင်းတွေကို ပြောလိုက်တော့ လူတွေ ထောင်နဲ့ချီပြီး ရောက်လာတယ်” ဟု
အိမ်ရှင် ဦးတိုးမြင့်က ပြောသည်။ အဆိုပါ ကျိုက်ထီးရိုးပုံစံတူ စေတီသည်
ဉာဏ်တော်အမြင့် ၇ လက်မခန့်ရှိပြီး လုံးပတ်မှာ ၅ လက်မခန့် ရှိကြောင်း
သိရသည်။ “ကျွန်မလဲ ဇန်နဝါရီ ၇ ရက် ညက သူငယ်ချင်း ကိုမြတ်သူ ဖုန်းဆက်လို့
အနီးကပ် ဖူးမြော်ခဲ့ရတယ်” ဟု မြို့သစ်နေ ဒေါ်ခင်ခင်လေးက ပြောသည်။






